ရွှေအိုရောင်နံနက်ခင်းနဲ့အတူ
ကော်ဖီခါးတစ်ခွက်ရဲ့
အငွေ့အသက်အောက်မှာ
တို့ အားလုံး အမဲလိုက်နေကြတယ် ။
အမြင့်ဆုံးကိုရောက်ဖို့
အနိမ့်ဆုံးက ဦးခေါင်းတွေပေါ်မှာ
ခြေရာတွေ ထပ်လို့ ..........
အားလုံးရဲ့အာဏပါဏတေးသံတွေက
စည်း ၀ါး မမှန်တာများတယ်
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ
ငါ ဆိုတဲ့ တောင်ပံခတ်သံတဖြန်းဖြန်းနဲ့
အစရှိရင် အဆုံးရှိတယ်ဆိုတဲ့
သဘောတရားကိုလက်ခံထားပါရဲ့နဲ့
ဘာ့ကြောင့် အနိစ္စတရားရဲ့အောက်မှာ
ဒူးမထောက်လိုကြတာလဲ ....
လိုက်တဲ့လူတွေကလဲ လိုက်တယ်
ပြေးတဲ့လူတွေကလဲမမောဘူး
လိုက်ရင်း ပြေးရင်းနဲ့
ခေါင်းရင်းက စံပယ်ခြုံလေးကို ခလုတ်တိုက်မိကာမှ
ခြေရင်းက အုတ်ဂူတွေကို သတိရမိကြတယ် ၊
မင်းတို့ ဘယ်ကိုပြေးပြေး
အချိန်တန်တော့ ငါ့ဆီရောက်လာမှာပါ တဲ့
အားလုံးကို စောင့်ကြိုနေတဲ့သူ ရှိတယ် ၊
ကဲ .. ကျွန်တော်တို့အားလုံး
သူ့ စီ အလည်သွားလိုက်ကြပါဦးစို့ ......... ။ ။
မိုးသက် (တန့်ဆည်)
No comments:
Post a Comment