*
ဆုံဆည်းရာမှ နွေးထွေးပျူငှါ ကြိုဆိုလျှက်ပါ။

Sunday, November 6, 2011

ပြုံးပါ

လူတွေ အထင်လွဲတာကို ခံရတဲ့အခါ ပါးပါးလျလျလေး ပြုံးပါ။ ဒါဟာ အသိပညာနဲ့ပြည့်စုံခြင်း တစ်မျိုးပါ။
မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်း တစ်မျိုးပါ။
နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါ
ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြက်ခြင်းတစ်မျိုးပါ။  
အကူအညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့်လေး ပြုံးပါ။ ဒါဟာ စိတ်ကို လှုံ့ဆော်ပေးခြင်းတစ်မျိုးပါ။
ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ။ ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါ။  
အပြစ်တင်တာကို ခံရတဲ့အခါ အေးအေးဆေးဆေး ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းတစ်မျိုးပါ။  
အသဲကွဲတဲ့အခါ ခပ်ပေါ့ပေါ့လေးပြုံးပါ။ ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုးပါ။
စိတ်ထိခိုက်ကြွေကွဲချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ခြင်းတစ်မျိုးပါ။  
ကဲ့ရဲ့လှောင်ပြောင်ခံရချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို အားပေးခြင်းတစ်မျိုးပါ။  
ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခက်အခဲမှာဖြစ်ဖြစ် နေ့တိုင်း ပြုံးနိုင်ဖို့ ကြိုးစားပါ။  
ဝမ်းနည်းအားငယ်ချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို အားအင်းတိုးစေခြင်းတစ်မျိုးပါ။
........စိတ်ပါ..လက်ပါ....ပြုံးနိုင်ကြပါစေ..

ပညာရှင် ပီသချင်လျှင်.......




ဒေါက်တာထွန်းလွင် (MCCW) ရဲ့ဖော်ပြချက်

ကျွန်တော် ၂၀၀၉ ခုနှစ် မေလမှာ မိုးလေ၀သဌာနမှ အငြိမ်းစားယူတော့ ဂျာနယ်လစ်တွေက ကျွန်တော်ပါတဲ့ သတင်းတွေ ရေးတဲ့အခါ “မိုးလေ၀သပညာရှင်” လို့ သုံးလာကြပါတယ်။ ကျွန်တော် တားပါသေးတယ်။ “မိုးလေ၀သသုတေသီ” ဆိုရင် တော်လောက်ပါပြီလို့။ ဒါပေမယ့် မရပါဘူးဗျာ။ အခုတော့လည်း အားလုံးက သုံးနေကြပါပြီ။

တကယ်တော့ ပညာရှင်လို့ အခေါ်ခံရတာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့နေနဲ့ ဒီ ... ဂုဏ်ပုဒ်ဟာ မြင့်လွန်းနေတယ်လို့ ယူဆပါတယ်။ နောက်ပြီး ဂိုဏ်းသင့်မှာလည်း စိုးရိမ်မိပါတယ်။ အဆိုးဆုံးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နိုင်ငံကျော် ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ “ဒွေး” ပြောဖူးတဲ့ “ပညာရှင်” ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျွန်တော် ပြန်ပြန်သတိရနေမိပြီး “ပညာရှင်” အခေါ်ခံရမှာကို အကြောက်ဆုံးလည်း ဖြစ်နေလို့ပါပဲ။

လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က မဂ္ဂဇင်းတစ်စောင်ရဲ့ အင်တာဗျူးတစ်ခုမှာ အကယ်ဒမီဒွေးက “ပညာရှင်” ဆိုတာနဲ့ ပတ်သက်ပြီး ဒီလိုပြောဖူးပါတယ်။

ပြင်သစ်တော်လှန်ရေး ခေတ်တုန်းက သေဒဏ်အပေးခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို စောင့်ဆိုင်းနေကြရသတဲ့။ အဲဒီခေတ်အခါကလည်း သေဒဏ်ပေးတဲ့စနစ်က လူပုံအလယ်မှာ ဆောက်လုပ်ထားတဲ့ စင်ကြီးပေါ်မှာ တရားခံတွေကိုတင်ပြီး အများရှေ့မှာ Guillotine လို့ခေါ်တဲ့ ခေါင်းဖြတ်စက်ကြီးနဲ့ ခေါင်းဖြတ်သတ်တဲ့နည်းနဲ့ တရားခံတွေကို သေဒဏ်ပေးလေ့ရှိသတဲ့။

ဒီလိုနဲ့ သေဒဏ်ပေးဖို့ စီရင်ချက်ချခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို ရောက်လာသတဲ့။ အဲဒီနေ့မှာ လူတွေဟာလည်း ခေါင်းဖြတ်စက်ကြီး ဆင်ထားတဲ့ ကွင်းပြင်ကြီးထဲကို မနက်ကတည်းက ရောက်လာလိုက်ကြတာ ကွင်းလုံးပြည့်ပဲတဲ့။

အချိန်ရောက်လာတော့ တရားခံ(၃)ယောက်ကို ကွင်းလယ်မှာရှိတဲ့ ခေါင်းဖြတ်စက် စင်ကြီးပေါ်ကို တင်လိုက်သတဲ့။ ပြီးတော့ ပထမဆုံးတရားခံကို ခေါင်းဖြတ်စက်နဲ့ သေဒဏ်ပေးဖို့အတွက် ပါးကွက်သားတွေက ခေါင်းဖြတ်စက်ရဲ့ ဓါးသွားကြီး အောက်မှာ ဆင်ထားတဲ့ ခုံအပေါ်မှာ တရားခံကို ဇက်စင်းပြီး တင်ထားစေသတဲ့။ နောက်တော့ စင်ကြီးရဲ့အလယ် တိုင်ကြီးနှစ်ဖက်နဲ့ အမြင့်မှာချိတ်ဆွဲထားတဲ့ ဓါးကြီးကို ဖြုတ်ချ လိုက်ကြသတဲ့။

ဖြစ်ချင်တော့ ဓါးကြီးဟာ JAM ဖြစ်နေပြီး ပြုတ်ကျမလာပဲ လမ်းတစ်ဝက်မှာပဲ ညပ်နေသတဲ့။ ဒါနဲ့ ပထမတရားခံဟာ မသေမချင်းသတ်စေလို့ အမိန့်ချ ထားတာ မဟုတ်လေတော့ သေဒဏ်က လွတ်သွားသတဲ့။

နောက် ဒုတိယ တရားခံအလှည့် ရောက်လာတော့လည်း ဒီလိုပဲ ဖြုတ်ချလိုက်တဲ့ ဓါးကြီးဟာ လမ်းမှာပဲ ညပ်နေပြန်လို့ ပထမတရားခံလိုပဲ သေဒဏ်က လွတ်သွားပြန်ရောတဲ့။

ဒါနဲ့ နောက်ဆုံး တတိယတရားခံအလှည့် ရောက်လာတော့ ဒီဖြစ်ရပ်ကို အစအဆုံး နှစ်ကြိမ်တိုင်တိုင် မြင်တွေ့လိုက်ရတဲ့ တတိယတရားခံက “နေပါဦးဗျာ။ သေရမယ့် လူတစ်ဦးအနေနဲ့ မသေခင် သူလိုချင်တာလေးကို နောက်ဆုံးအခွင့်အရေးအနေနဲ့ တောင်းဆိုခွင့် ရှိတယ်မဟုတ်လား ခင်ဗျာ” လို့ အာဏာပါးကွက်သားတွေကို ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက တတိယတရားခံရဲ့ တောင်းဆိုချက်ဟာ တရားဥပဒေနဲ့ ညီနေတာကြောင့် “အေး.. အေး ဟုတ်ပါပြီ။ မင်းက ဘာများ တောင်းဆိုချင်သလဲ” လို့ ပြန်မေးလိုက်ကြပါတယ်။

ဒီတော့ တတိယ တရားခံက “ကျွန်တော် ဒီဓါးစက်ကြီး ဘာချို့ယွင်းနေတာလည်းဆိုတာ စစ်ဆေးကြည့်ချင်ပါတယ်” လို့ ပြောလိုက်သတဲ့။ ဒီတော့ အာဏာပါးကွက်သားတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ “ကြည့်လေကွာ” ဆိုပြီး ခွင့်ပြုလိုက်ကြသတဲ့။ ဒါနဲ့ တတိယတရားခံဟာ ဓါးစက်ကြီး အပေါ်ကိုတက်ကြည့ပြီး ချို့ယွင်းနေတာကို ရှာပြီး ပြင်ပေးလိုက်သတဲ့။

နောက်တော့ ပြန်ဆင်းလာပြီး “ကဲ…ကဲ…ကောင်းသွားပါပြီ။ ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ် နိုင်ပါပြီ” လို့ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက “အေး.. ဆက်လုပ်စရာကတော့.. ဒီတစ်ခါ မင်းအလှည့်မို့ မင်းရဲ့ခေါင်းကို အဲဒီ ဓါးစက်ကြီး အောက်က ခုံပေါ်ကိုတင်လိုက်တော့” လို့ ပြောကြသတဲ့။

ဒီတော့လည်း တတိယ တရားခံဟာ ပြောတဲ့အတိုင်း သူ့ရဲ့ခေါင်းကို ခုံပေါ်လည်းတင်ပြီးရော၊ အာဏာပါးကွက်သားတွေက ဓါးစက်ကြီးရဲ့ မောင်းကိုဖြုတ်ချလိုက်တာ တစ်ခါတည်း အမြင့်မှာ တပ်ထားတဲ့ ဓါးသွားကြီးဟာ ၀ှီးကနဲကျလာပြီး တတိယတရားခံကို ဒုံးကနဲဖြတ်ချလိုက် သတဲ့။ ဒါနဲ့ တတိယ တရားခံဟာလည်း ခေါင်းအဖြတ်ခံရပြီး သေသွားရပါသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲတဲ့။

သြော်… သြော်… ပြောဖို့ တစ်ခုကျန်သွားပါတယ်။ ခေါင်းဖြတ်အသတ်ခံလိုက်ရတဲ့ တတိယ တရားခံဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသတဲ့။

ပုံကတော့ ဒါပါပဲဗျာ။ ဒါဟာ “ဒွေး”ရဲ့ ပညာရှင်ကို ဖွင့်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြောချင်တာကတော့ ပညာရှင်ဆိုတာ ကိုယ့်အသက်သေရမယ့် ကိစ္စဖြစ်ပါစေ၊ မှားနေတာ၊ လွဲချော်နေတာကိုတွေ့နေရရင် ကိုယ့်ပညာနဲ့ပတ်သက်ပြီး ပညာရှင်ရဲ့ ဂုဏ်ကို အထိခိုက်မခံပဲ အသက်စွန့်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံ သယ်ပိုးပေးစမြဲပဲ ဆိုတာပါပဲ။

ကဲ ပညာရှင်လို့ အခေါ်ခံရဖို့ လွယ်လားဗျာ။

(ဒေါက်တာထွန်းလွင်၏ ဖေ့စ်ဘုတ်တွင် ရေးသားချက်ကို ကူးယူဖော်ပြပါသည်။)


Thursday, November 3, 2011

နေ၀င်ချိန်



    ရွှေအိုရောင်နံနက်ခင်းနဲ့အတူ
    ကော်ဖီခါးတစ်ခွက်ရဲ့
    အငွေ့အသက်အောက်မှာ
    တို့ အားလုံး အမဲလိုက်နေကြတယ် ။
        အမြင့်ဆုံးကိုရောက်ဖို့
        အနိမ့်ဆုံးက ဦးခေါင်းတွေပေါ်မှာ
       ခြေရာတွေ ထပ်လို့ ..........
             အားလုံးရဲ့အာဏပါဏတေးသံတွေက
             စည်း ၀ါး မမှန်တာများတယ်
             ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ
             ငါ ဆိုတဲ့ တောင်ပံခတ်သံတဖြန်းဖြန်းနဲ့
             အစရှိရင် အဆုံးရှိတယ်ဆိုတဲ့
             သဘောတရားကိုလက်ခံထားပါရဲ့နဲ့
             ဘာ့ကြောင့် အနိစ္စတရားရဲ့အောက်မှာ
             ဒူးမထောက်လိုကြတာလဲ ....
                 လိုက်တဲ့လူတွေကလဲ လိုက်တယ်
                 ပြေးတဲ့လူတွေကလဲမမောဘူး
                 လိုက်ရင်း ပြေးရင်းနဲ့
                 ခေါင်းရင်းက စံပယ်ခြုံလေးကို ခလုတ်တိုက်မိကာမှ
                 ခြေရင်းက အုတ်ဂူတွေကို သတိရမိကြတယ် ၊
                        မင်းတို့ ဘယ်ကိုပြေးပြေး
                        အချိန်တန်တော့ ငါ့ဆီရောက်လာမှာပါ တဲ့
                        အားလုံးကို စောင့်ကြိုနေတဲ့သူ ရှိတယ် ၊
                ကဲ .. ကျွန်တော်တို့အားလုံး
                သူ့ စီ အလည်သွားလိုက်ကြပါဦးစို့  ......... ။                ။
                                                         မိုးသက် (တန့်ဆည်)
                       
                

ရွာလွမ်းနာ




 ဇာတိရွာနဲ့ အနေဝေးနေသူတို့အတွက်တော့.... ဒီကဗျာလေးက ရင်ဘတ်ကို တစ်မျိုးမျိးနဲ့တော့ 
 ကိုင်လှုပ်နိုင်ပါလိမ့်မယ်....။


အလှည့်ကျရာသီများကိုပွေ့ဖက်ပြီး
တံလျှပ်တွေနဲ့ဆွေရင်း မျိုးရင်း
ရိုးသား သန့်ရှင်းတဲ့မျက်နှာများ စိုစွတ်ရာ
ငါ့ ....ဇာတိရွာကိုလွမ်းတယ် ။
အပင်ချင်းထိ
အကိုင်းချင်းချင်းယှက်
အရွက်အားလုံးကို ခါကျဉ်
ရိုးတွင်းချဉ်ဆီထဲကနေ အားကုန်ပွင့်
ပင်မြင့်ထက်မှာ ဝေဆာဆာ
ရွာအ၀င် တမာပင်ကြီးရဲ့အလှ
ငါ့....ဇာတိရွာကို လွမ်းတယ် ။
ထန်းပင် ထန်းလက် ထန်းခက်တွေကြားက
တွံတေးသိန်းတန်ရဲ့ ထွေးညို
အမေနဲ့ရွာကိုလွမ်းတဲ့ ဟင်္သာတထွန်းရင်
ကိုရင်သာဒင်ကြီးနဲ့ဘခက်
ထန်းတက်သမားရဲ့ ပါးစပ်အနုပညာ
ငါ့ ....ဇာတိရွာကိုလွမ်းတယ် ။
မှိုင်းမှိုင်းပြပြ    အနောက်ရိုးမတောင်တန်းကြီးဆီ
နေလုံးနီနီကိုကျောခိုင်း
ပုဆိုးစလွယ်သိုင်းပြီး
ဆံရစ်နဲ့ပုလွေသံနှော
ဈေးပေါပေါ ဆိုင်ကယ်တွေလို 
ဥဒဟိုပြေးလွှား
ကျွဲနွားတွေရဲ့ ရွာအပြန်လမ်းမ
ငါ့ ... ဇာတိရွာကိုလွမ်းတယ် ။
 သဘာဝရဲ့လက်ဆောင် 
ကြယ်ရောင် လရောင်တွေနဲ့ရင်းနီး
ထုပ်ဆီးတိုး ကြိုးခုန်
ယုံတမ်းပုံပြင်တွေ တစ်လှည့်စီပြော
ခုံးလျှောစီး ဇယ်ခတ်
ပင်ကိုယ်အလှဓာတ်တွေနဲ့ဝတ်မှုန်ကူး
ရယ်ရွှင်မြူးခဲ့တဲ့ငယ်ဘဝ
ငါ့ ...ဇာတိရွာကိုလွမ်းတယ်။
ပြီးတော့ 
သားလို့ခေါ်လိုက်ရရင်
ဓားတစ်လက်ပမာ 
အားတက်ရှာတဲ့မိအို ဖအို
ရွှေမြင့်မိုရ် တောင်ကြီးနှစ်လုံး 
ပီတိအပြုံးတွေနဲ့ ဆီးကြို
ငါ ပိုပြီးလွမ်းတယ် ။          ။
                                 
                                                  မောင်သန်းစိုး(ချောက်)
                         ၂၀၀၃ -ဇူလိုင်လ၊ မြားနတ်မောင်မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်
                                

ပြောင်းလဲခြင်းဆိုတာ




ကျောက်တုံးတစ်တုံးပေါ်ကို
 အလင်းရောင်ကျနေတယ် ......။
 အလင်းကွယ်သွားတဲ့အခါ 
 ကျောက်တုံးပေါ် အမှောင်ရိပ်ကျလာမှာဘဲပေါ့ ။
 ကျောက်တုံးဟာ ဘာမှပြောင်းလဲမသွားဘူး
 လူတွေဟာ ကိုယ် ကောင်းမှုပြုတဲ့အခါ
 တစ်လောကလုံးသိစေချင်ကြတယ် ....။
 ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ပြန်ဘူး ။
 လောက ကတော့ ဘာမှမပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း အမှောင်ကို ထွန်းညှိနေတာပါ။

 မသိမ်းပိုက်သူဟာ အရာရာကိုအောင်နိုင်တယ် .....။         ။

                                                    ရေးသူ - မမှတ်မိ

ကိုရေးရာဇ၀င်

ကိုယ်ရေးရာဇ၀င်


ဆူးကြားမှာ သီးတဲ့ ဘူးသီးလေးလို
တိမ်တောင်ကြားမှာ ပျံသန်းချင်သလို
ဘာမှ မသင်ဘူးသလို ဘာမှ မသိခဲ့သူတွေ
ဘာမှ မတတ်သလို ဘာမှ မဖတ်ခဲ့သူတွေ
ဧရာဝတီပေါ်မှာ မင်းမူ
သွေးစိမ်းပူပူတွေ ပစ်ချ
မြန်မာပြည်ဟာ မျက်ရည်ကျနေတယ်။
မမြန်တဲ့ မမာတဲ့လူတွေဟာ
မြန်မာဆိုတဲ့နာမည်နဲ့
မြူးကြွ အရူးထ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးစက်ခခဲ့တဲ့မြေ။
တရားတွေဟောသလောက်
တရားသဘောမပေါက်တဲ့မြေ ။
မှိုလိုပေါက်နေတဲ့ တရားစခန်းကြားက
အရက်ဘားခန်းတွေက တစ်ခုပြီးတစ်ခု
လုယက်စိတ်တွေ ခိုးလိုးခုလု
မင်း သိပ်တော်တယ်ပြောကြည့်
နွားကျောင်းသားကစပြီး ပျော်တဲ့မြေ ။
အရမ်းအပြောကောင်းတယ်
အမတ်ရွေးပွဲဝင်ပါ့လားဆို
ဆိုက္ကားသမားလဲ မာန်တွေတက်
ခြံစောင့်ဖို့ထက် ဈေးခွေးလုပ်ချင်သူတွေများတဲ့မြေ ။
ကိုလိုနီခေတ်က သူများတွေ လာပြီး ကျွန်ပြု
အခုတော့ သွားပြီး ကျွန်ခံ
ကျွန်သံသရာလည်နေတဲ့မြေ ။
လေယာဉ်မလုပ်တတ်ဘူး ။
လေယာဉ်မစီးတတ်ဘူး ။
ဂဏန်းတွက်စက်မထုတ်ဘူး ။
ဗိန္ဓောဆေးတွေ တီဗီထဲကြော်ငြာ
ကိုးရီးယားအနုပညာကို လိုက်တု
ဘယ်လိုမှ ကုစားလို့မရတော့တဲ့ မြေ ။
တောက်တဲ့ ဖမ်းရောင်း
မြွေပွေးဖမ်းရောင်း
သူများအသက်တွေနဲ့ စီးပွားရေးကောင်းနေတဲ့ မြေ ။
ဗေဒင်ဆရာနဲ့ နတ်ကတော်တို့
ကောင်းကောင်းကြီးပျော်နေတဲ့ မြေ ။
ဝါကြွားမောက်မော်
တကယ်ပဲ မတော်တရော်တဲ့ မြေ ။
ဒီမြေမှာ ငါ့ကိုမွေးခဲ့တယ်။
ငါမွေးတဲ့ သက္ကရာဇ်မှတ်တမ်းက
သွေးဇာတ်လမ်းထဲက ရှစ်ဆယ့်ရှစ်တဲ့ ။

Wednesday, November 2, 2011

အာဖရိက သို့ ဗုဒ္ဓသာသနာ ပြန့်ပွားပြီ

အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။
ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို ဒါတွေသယ်လာတယ် ဆိုတော့ ထူးဆန်းနေကြတယ်။
ထိုင်းနိုင်ငံက ပြည့်စုံတဲ့ ဘဝကို စွန့်ပစ်ခဲ့တော့ အချို့က မင်းစိတ်မှမှန်သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ကြတယ်။ သူကတော့ တရားစာအုပ်တွေဖတ်တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ်နေခဲ့တယ်။ (သူမရှိတော့တဲ့ နောက်ပိုင်းမှာသူအလုပ်၊လုပ်ခဲ့တဲ့ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားခဲ့ရတယ်။
ဆရာတော်အလောင် လျာတွက်လည်း သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါလိမ္မယ်။
(ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်
နတ်ကောင်း နတ်မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးမိသေးတယ်။)
အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေအားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့စည်းရုံးကြသေးတယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်ကလေးတွေ စားဖို့
လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ်Steven က အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက်သတ်မှာကို လုံးဝ မဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ
သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကိုရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။
တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ TathagataMeditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ
ဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့
သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်တယ်။
ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံတောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို
ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာတယ်။
မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကိုအားပေးတော်မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးမှမရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်းစားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်းတွေကို ပြောကြသေးတယ်။
နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်တယ်။ အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာနိုင်ငံတွေကို အလည်အပတ်သွားရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်း
အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ကင်ညာနိုင်ငံအရောက်အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူးမြင်ဖူးတဲ့ လူတွေကသူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရတယ်။
အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။
ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက်ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ
လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူစိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင်အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့
ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကိုဖွင့်လစ်နိုင်ခဲ့ပါတယ်။
သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲအမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ်ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို
ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီးတိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသောအခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်းသိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေဖြစ်လာကြပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွအဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေကစုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံစနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်းစက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။
ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်းရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့
စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကိုတာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။
အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီးလောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့
ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်းသားရဟန်းပြောပါတယ်။ သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော
ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကိုတည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။ အခုတော့အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ
ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။
ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးကိုလည်း ယူဂန်ဒါနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ပထမဆုံးတတ်ရောက်ခွင့်ရခဲ့ပါတယ်။King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooroဒေသရဲ့ဘုရင်လေး Oyo ဟာလည်း ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဘုရားကြီးဦးဆောင်ကျင်းပခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ
အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါတယ်။
ယူဂန်ဒါနိုင်ငံ Kampalaမြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့်ဟောပြောပွဲတစ်ခုကို ဟောပြောခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ မဆာချူးဆက်တက္ကသိုလ်မှာလည်း အခါအားလျော်စွာ ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ အဲဒါတွေကတော့ဆရာတော်ရဲ့ အောင်မြင်မှုတွေပါပဲ။
၂၀၀၉ ခုနှစ်အတွင်း ဆရာတော်ရဲ့ဆက်လက်လုပ်ဆောင်ဖွယ် ခရီးစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒီမှာလေ့လာနိုင်ပါတယ်။ (အေဒင်ဥယျာဉ်မှ ကူးယူဖော်ပြပါသည်။)

 

Tuesday, November 1, 2011

ခွင့်လွှတ်ခြင်းဆိုတာ (မဟာမြိုင် ဆရာတော်)

ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ့်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ့်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။ ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေ့တယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်…

Disappointment– ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ…

Rejection– ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကို လေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ…

Abandonment– စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ…

Ridicule– လှောင်တာ၊ ပြောင်တာ၊ သရော်တာ…

Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ…

Betrayal– သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ…

Deception– လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ…

Physical Abuse– ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ…

Emotional Abuseဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံးတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။…

ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။

ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။

ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။

ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။

ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နည်းသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။

ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကို ကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။

ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးဟာ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။

You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။

To error is human. But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။ တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ ပါတယ်။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။

ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။ ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်…

ဆရာတော်ဦးဇောတိက
http://www.sainoomkhay.tk/ မှကူးယူဖော်ပြပါသည်။

Monday, October 31, 2011

အိမ်ပြန်ချိန်

အတောင်စုံလို့ အမြင့်ကို ပျံခဲ့တာမဟုတ်သလို
အစာဝလို့ ဌာနကို ပျံလိုတာမဟုတ်ဘူး

“ဘယ်နေရာကလာရင် ဘယ်နေရာကို ပြန်ရမယ်”တဲ့
အိမ်ကပဲ လာခဲ့ပါတယ်
အိမ်ကိုပဲ အရောက်ပြန်မှာပါ။

မွေးရပ်မြေက ရာသီတွေ သာယာရဲ့လား?
လေထုတွေ ညစ်ညှမ်းဆဲလား?
သူငယ်ချင်းတွေ အရင်လို ဖြူစင်သေးလား?
ကြိုဆိုမှုတွေ နွေးထွေးပါ့မလား?
ဘာပဲဖြစ်ဖြစ်...
မပြည့်တပြည့် အသိဥာဏ်နဲ့
ဘောင်ဘင်ခတ်နေတဲ့ ဦးနှောက်တစ်ခုကိုထုပ်ပိုး
ငါ ... အိမ်ပြန်ဖို့ အချိန်တန်ခဲ့ပြီ။

နိုင်းနိုင်းစနေ မှ ကူးယူဖော်ပြပါသည်။

Saturday, October 29, 2011

လူတော် လူမော်တွေ အမြဲလက်ကိုင်ထားတဲ့ အမူအကျင့် ( ၁၀ ) မျိုး


၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်ေ
အာင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ
ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း
ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင်
လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။
မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု
ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃။၊ ဂရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့
မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။
ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ
လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို
လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊
ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး
ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့
သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊
နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင်
အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန်
ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က
ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က
ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့
အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး
ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ
အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ
ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း
ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့
ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့
မသင့်တော့ဘူး။

၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊
အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။
ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ
အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး
တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို
ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက
မြစ်ဖျားခံတာပဲ။



၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု
မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို
စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို
နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ
ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိတ်အပိုင်း တော်တော်များများမှာ
လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်
စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊
နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့
ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ
ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga
သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။
အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊
ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ
တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို
ထိန်းထားနိုင်လိမ့်မယ်။

Friday, October 28, 2011

မေတ္တာစိတ်နဲ့ နားထောင်သူ




တလောက အပေါ်ထပ်၊ အောက်ထပ်ကလူတွေကြောင့် ကျွန်မရူးမတတ်ဖြစ်ခဲ့ရတယ်။

ကျွန်မနေတာက ဒုတိယထပ်မှာပါ။ ကျွန်မအိမ်ရဲ့အောက်ထပ်မှာ အလုပ်လက်မဲ့လင်မယားနှစ်ယောက် နေပါတယ်။ စားဝတ်နေရေးအတွက် သုံးဘီးဆိုင်ကယ်ဟောင်းတစ်စီး သူတို့ဝယ်ထားတယ်။ အဲဒီဆိုင်ကယ်က ဟောင်းလွန်းတော့ ရင်ကျပ်ရောဂါ အပြင်းအထန်ခံစားနေရတဲ့လူနာလို အသံဗလံ ဆူညံသံတွေ ထွက်နေပါတယ်။ ညတိုင်း ကျွန်မအိပ်ပျော်ခါနီးအချိန်မှာ အဲဒီဆိုင်ကယ်ဟာ ချောင်းတဟွတ်ဟွတ်ဆိုးပြီး အသက်လုပြန်လာတတ်တယ်။ အဲဒီအသံကိုကြားရင် ကျွန်မ အိပ်ချင်စိတ်တွေ ပျောက်သွားတော့တယ်။

ကျွန်မအိမ်ရဲ့ အပေါ်ထပ်မှာနေတဲ့မိသားစုက သမီးဖြစ်သူကို ပလွေတစ်ချောင်းဝယ်ထားပေးတယ်။ မနက်မိုးလင်းတိုင်း သမီးကို အတင်းအဓမ္မ ပလွေမှုတ်ကျင့်ခိုင်းကြတယ်။ ပလွေသံက ဝီး...ဝီး.. အီး..အီးနဲ့ နားထောင်ရတာ သရဲသဘက် ငိုညည်းနေသလိုပါပဲ။
ညတိုင်း အောက်ထပ်က သုံးဘီးဆိုင်ကယ်ရဲ့ "ချောင်းသံ"ကြောင့် ကျွန်မအိပ်မရခဲ့သလို မနက်စောစောမှာ အိမ်ပေါ်ထပ်က ပလွေ"ငိုသံ"ကြောင့် ကျွန်မ အစောကြီးနှိုးခဲ့ရတယ်။

အပေါ်ထပ်၊ အောက်ထပ်ကမိသားစုတွေနဲ့ ကျွန်မ ကောင်းကောင်းဆွေးနွေးဖို့လိုပြီးလို့ ကျွန်မထင်တယ်။ ဒါပေမဲ့ သူတို့အိမ်ရှေ့ရောက်တာနဲ့ ကျွန်မခြေလှမ်းတုန့်ပြီး တွေဝေသွားတတ်တယ်။ အောက်ထပ်မိသားစုအတွက် ဟောင်းနွမ်းတဲ့သုံးဘီးဆိုင်ကယ်ဟာ သူတို့ရဲ့ထမင်းအိုးပါ။ အပေါ်ထပ်မိသားစုမှာ ပလွေသံက အဲဒီကောင်မလေးရဲ့မျှော်လင့်ချက်ပေါ့။ သူတို့ရဲ့ထမင်းအိုး၊ မျှော်လင့်ချက်တွေကို ကျွန်မလက်လွတ်ခိုင်းရမလား? ကျွန်မထုတ်ပြောရက်သလား?

အတန်ကြာစဉ်းစားပြီး အိမ်ပြောင်းဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ အေးဆေးဆိတ်ငြိမ်တဲ့နေရာတစ်ခုဆီ ပြောင်းဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ဒါမှ စာတွေကို ကျွန်မစိတ်ဝင်တစား ရေးလို့ရမှာဖြစ်သလို ကိုယ်စိတ်ကျန်းမာမှာဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်ကို ကျွန်မအဖြစ်အပျက်တွေ ရင်ဖွင့်ပြပြီး နေရာကောင်းတစ်ခုရှာပေးဖို့ အကူအညီတောင်းလိုက်တယ်။

သူငယ်ချင်းက ကျွန်မပြောတာတွေကို ပြုံးပြုံးလေးနားထောင်နေရင်းက ကျွန်မကိုမေးတယ်။

"ငါနေတဲ့ပတ်ဝန်းကျင်ကရော ဘယ်လိုလဲလို့ နင်ထင်သလဲ?"

"နင့်နေရာက ဆိတ်ငြိမ်လို့ နင့်ဖက်မှာ ငါအခန်းရှာခိုင်းတာပေါ့"

ကျွန်မအပြောကို သူငယ်ချင်းက ခေါင်းတဆတ်ဆတ်ညိတ်ပြီး "ဒါဆိုလဲ ငါ့အိမ်မှာ တစ်နာရီလောက်ထိုင်ပြီး ခံစားကြည့်ပါဦး"လို့ဆိုတယ်။

သူငယ်ချင်းအိမ်မှာ တစ်နာရီကြာ ကျွန်မနေလိုက်တယ်။ သူ့အိမ်ပတ်ဝန်းကျင်က တကယ့်တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ဒါပေမဲ့ တစ်နာရီနောက်ပိုင်းမှာ လူအသီးသီး ရုံးဆင်းပြန်လာကြတယ်။ အသံတွေ စပြီးဆူညံလာခဲ့တယ်။ အဆိုးဆုံးက ဘေးအိမ်ဝရံတာက စကားပြောသံလိုလို လွှင့်လာတဲ့အသံတွေဖြစ်တယ်။ ရှေးလူရိုင်းတွေ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်နေတဲ့အသံလိုမျိုး အသံကစူးရှပြီး နားစည်ပေါက်မတတ်ပါပဲ။ ကြားရသူကို နားမသက်သာစေခဲ့ပါဘူး။

ဒါ ဘာအသံလဲလို့ သူငယ်ချင်းကိုကျွန်မမေးတော့ သူငယ်ချင်းက "၉နှစ်ကောင်လေးတစ်ယောက် စကားပြောသင်နေတာလေ.. သူဘာပြောနေသလဲလို့ နင်သေသေချာချာ နားထောင်ကြည့်!"လို့ပြောလို့ ကျွန်မ နားစိုက်ထောင်လိုက်တယ်။ အဲဒီကောင်လေးက စကားတစ်ခွန်းကို ထပ်တလဲလဲ ပြောနေသလိုပါပဲ။ ဒါပေမဲ့ ဘာပြောနေမှန်း ကျွန်မသေသေချာချာ နားမလည်ခဲ့ဘူး။

"မေမေပေါ် နေလောင်ဖြန်းထားတယ်လို့ သူပြောနေသလိုပဲ" လို့ ကျွန်မခန့်မှန်းပြောကြည့်တော့ သူငယ်ချင်းက တဟားဟားအော်ရယ်ပြီး "နင်ပြောတာ မှားတယ်... သူပြောတာက မြေပြင်ပေါ် နေရောင်ဖြန့်ထားတယ်တဲ့"။ သူငယ်ချင်းက ပြောပြောဆိုဆို အဲဒီကောင်လေးရဲ့အသံကို ပိုကြားရအောင် ဝရံတာဖက်ကတံခါးကို ဆွဲဖွင့်လိုက်တယ်။ ကောင်လေးရဲ့အသံထွက်မှန်အောင် ပြင်ပေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံကိုပါ ကျွန်မကြားလိုက်တယ်။ အမျိုးသမီးပြောနေတာက "မြေပြင်ပေါ်နေရောင်ဖြန့်ထားတယ်" လို့ဆိုပေမယ့် ဘယ်လိုအသံထွက်မှန်အောင်ပြောလည်း ကောင်လေးပြောနေတာက "မေမေပေါ် နေလောင်ဖြန်းထားတယ်"ဆိုတာပဲဖြစ်နေတယ်။

"တကယ်လို့ နင်ဒီမှာနေမယ်။ နေ့တိုင်း ဒီလိုအသံပဲကြားနေရမယ်ဆိုရင် နင်ဘယ်လိုခံစားရမလဲ?" သူငယ်ချင်းက ကျွန်မကိုမေးခွန်းထုတ်တယ်။

"ဟင့်အင်း.. ငါ ခံနိုင်မှာမဟုတ်ဘူး။ အသံတွေ ဆူညံနေတဲ့အပြင် ဘယ်လိုသင်သင် သင်လို့မရတဲ့ အဲဒီကောင်လေးအသံကို နားထောင်ရင်း သူ့အတွက် ငါစိတ်ညစ်ပြီးသေသွားလိမ့်မယ်" ကျွန်မခေါင်းခါပြပြီး အမှန်အတိုင်းပြောလိုက်တယ်။

"ဒါပေမဲ့ ငါ့နားထဲမှာတော့ အဲဒီကောင်လေးရဲ့အသံက နားဝင်ချိုတဲ့ဂီတသံလိုပဲ။ ဒါ ငါတစ်ယောက်ထဲ ခံစားရတာ မဟုတ်ဘူး။ ဒီတိုက်မှာနေတဲ့လူတိုင်း ငါ့လိုပဲခံစားကြရတယ်တဲ့"

သူငယ်ချင်းရဲ့အပြောကြောင့် အံ့သြသွားတဲ့ကျွန်မကိုကြည့်ရင်း သူငယ်ချင်းက စကားဆက်ပြောတယ်။

"ဒီကလေးက အစွန့်ပစ်ခံထားရတဲ့ကလေး။ မွေးလာကတည်း အ,နေတာ။ ဒါကြောင့် သူ့မိဘတွေက သူ့ကိုစွန့်ခဲ့ကြတယ်။ သူ့ကို ငါ့အိမ်နီးချင်းက ကောက်ပြန်လာခဲ့တယ်။ သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အပြင် နေရာအနှံ့ ဆရာဝန်ရှာပြီး ဆေးကုခဲ့တယ်။ ကလေး၎နှစ်မှာ ငါ့အိမ်နီးချင်းက စကားစသင်ပေးခဲ့တယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ငါတို့ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သူ လက်မလွတ်ခဲ့ဘူး။ နေ့တိုင်း ကလေးကို စကားသင်ပေးခဲ့တယ်။

ကလေး ၅နှစ်ရောက်တော့ တစ်နေ့မှာ "မေမေ"လို့သူခေါ်ခဲ့တယ်။ အသံကလုံးထွေးပြီး မပီသဘူးဆိုပေမယ့် ငါတို့တတွေ ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ ငါ့အိမ်နီးချင်းဆို ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။ အဲဒီမှာရှိနေတဲ့လူတွေလည်း မျက်ရည်တွေဝဲလို့။ သူ နှစ်နှစ်လလ ပင်ပင်ပန်းပန်း စကားပြောသင်ပေးခဲ့တဲ့ ကလေးလေး စကားစပြောလာခဲ့ပြီလေ။ ဒါ မခံစားရဘူးလို့ နင်ထင်မလား? အဲဒီနောက် ငါ့အိမ်နီးချင်းက ကလေးကို ပိုအလေးစိုက်ပြီး စကားတွေသင်ပေးခဲ့တယ်။ ငါတို့ဒီတိုက်မှာနေတဲ့ လူတွေအားလုံးက အဲဒီအသံကို အလှဆုံး၊ အသာယာဆုံးအသံလို့ ထင်ခဲ့ကြတယ်"

သူငယ်ချင်းအိမ်ကနေ မထွက်ခွာခင် သူငယ်ချင်းက "ဒီကလေးရဲ့အသံက စူးရှတယ်။ နားမသက်သာစေဘူးလို့ နင်ထင်တာက သူ့အသံကို နင်နားနဲ့နားထောင်လို့ပဲ။ ဒီကလေးရဲ့အသံ နားဝင်ချိုတယ်။ နားထောင်လို့ကောင်းတယ်လို့ ငါတို့ထင်တာ ငါတို့က မေတ္တာစိတ်နဲ့နားထောင်လို့ပေါ့။ မေတ္တာနဲ့ နားထောင်တတ်ရင် ဒီလောကမှာရှိတဲ့ အသံတော်တော်များများက လှပတဲ့အသံတွေပါပဲကွာ" လို့ ပြောပါတယ်။

လောကထဲမှာ လုံးထွေးဆူညံနေတဲ့အသံတွေကို နားထောင်ဖို့ ဘုရားသခင်က ကျွန်မတို့ကို နားရွက်တွေပေးလိုက်တယ်။ လုံးထွေးဆူညံတဲ့အသံကို နားဝင်ချိုတဲ့အသံအဖြစ်ပြောင်းဖို့ လူတွေက ကိုယ့်ကိုယ်ကို မေတ္တာစိတ်တွေထည့်ခဲ့ကြတယ်။ တကယ်လို့ လှပသာယာတဲ့အသံကို သင်နားထောင်ချင်ရင် မေတ္တာစိတ်နဲ့ နားထောင်တတ်ဖို့ သင်,သင်ယူရပါလိမ့်မယ်။

အရက်ကို ဘယ်လိုသောက်ရမယ်လို့ သိနားလည်သူက "ခံစားချက်"ကို ရှာဖွေတွေ့တယ်။
ရောင့်ရဲတင့်တိမ်မှုကို သိနားလည်သူက "ပျော်ရွှင်ခြင်း"ကို ရှာဖွေတွေ့တယ်။
လက်လွတ်တတ်တာကို သိနားလည်သူက "စိတ်လက်ချမ်းသာခြင်း"ကို ရှာဖွေတွေ့တယ်။
တန်ဖိုးထားတတ်တာကို သိနားလည်သူက "ကောင်းမြတ်ခြင်း"ကို ရှာဖွေတွေ့တယ်။
ယုံကြည်စိတ်ချမှုကို သိနားလည်သူက "သောကကင်းခြင်း"ကို ရှာဖွေတွေ့တယ်။
မေ့ပျောက်ခြင်းကို သိနားလည်သူက "လွတ်လပ်ပေါ့ပါးခြင်း"ကို ရှာဖွေတွေ့တယ်။
ဂရုစိုက်ကြင်နာခြင်းကို သိနားလည်သူက "သူငယ်ချင်း"ကို ရှာဖွေတွေ့တယ်။

Wednesday, October 26, 2011

နိုင်းနိုင်း စနေ ရဲ့ စာသားလေးပါ



(၁)

ဆိတ်ဆိတ်နေခြင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ အကျယ်ဆုံးငိုသံတဲ့!
မိန်းကလေးတွေဟာ တစ်ခုခုခံစားရပြီဆိုရင် စကားသိပ်မပြောချင်တော့ဘူး ပြောရင်လည်း မောတယ်လို့ ခံစားရတယ်။ ဒါမှမဟုတ် သူဟာ ဆိတ်ဆိတ်နေတာ ကျင့်သားရသွားလို့ပဲလား!
နာကျင်တာ ကျင့်သားရသွားလို့ပဲလား!
ငြိမ်သက်တိတ်ဆိတ်တာကို ကျင့်သားရသွားလို့ပဲလား!

မိန်းကလေးတစ်ယောက် သင့်ကို မခေါ်မပြောတော့တဲ့အခါ တကယ်တော့ သူ ဒဏ်ရာနက်နက် ရသွားခဲ့လို့ဖြစ်တယ်။


(၂)
အမေရိကန် Minnesotaပြည်နယ် St Paul Ramsey Medical Centerက ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ မျက်ရည်မထွက်အောင်(မငိုမိအောင်) အောင့်အီးနေသူတွေဟာ ကိုယ့်ကိုယ်ကို "သေကြောင်းကြံ"နေတာနဲ့တူတယ်လို့ ဆိုပါတယ်။ ပညာရှင်တွေရဲ့ ပြောကြားချက်မှာ စိတ်ထိခိုက်၊ ဝမ်းနည်းခြင်းတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ အဲဒီလို စိတ်ထိခိုက်၊ ဝမ်းနည်းချိန်မှာ ငိုကြွေးတာဟာ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။


ပညာရှင်တွေက မျက်ရည်ကို ဓာတုဗေဒနည်းနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ မျက်ရည်ထဲမှာ အရေးပါတဲ့ ဓာတုပစ္စည်းနှစ်မျိုးဖြစ်တဲ့ (Enkephalin and Prolactin)တို့ ပါဝင်တာကို တွေ့ခဲ့ရတယ်။ မျက်ရည်က ခန္ဓာကိုယ်ထဲစုပြုံနေတဲ့ စိတ်ကိုအားငယ်ညိုးနွမ်းစေတဲ့ တခြားဓာတုပစ္စည်းတွေကို ချေဖျက်ပေးနိုင်တယ်။ စိတ်ဖိအားကို လျော့ချပေးနိုင်ပါတယ်။


အမျိုးသမီးတွေဟာ အမျိုးသားထက် ပိုအသက်ရှည်ရတာဟာ မျက်ရည်ပိုကျတတ်လို့၊ ငိုတတ်လို့လို့ ပညာရှင်တွေက ထင်မြင်ကြပါတယ်။




(၃)

(၄)

ဆွီဒင်သိပံ္ပပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ မိန်းကလေးတွေဟာ တစ်နေ့ကို ကော်ဖီသုံးခွက်အထက် သောက်ရင် ရင်သားမဖွံ့ဖြိုးတတ်ဘူးလို့ ဆိုပါတယ်။ မိန်းကလေးအများစုရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့မျိုးစေ့ဗီဇ(gene)ပါဝင်ပြီး အဲဒီမျိုးစေ့ဗီဇနဲ့ ကော်ဖီထဲပါတဲ့(caffeine)ဓာတ်တို့ကြောင့် ရင်သားတွေ သေးငယ်သွားတတ်တယ်လို့ ဆိုပါတယ်။


(Starbucks ရဲ့ကော်ဖီက သင့်ရင်သားကို သေးငယ်သွားကောင်း သေးငယ်သွားစေနိုင်ပါတယ်။ Logoက သက်သေပြနေပါတယ်းD)




(၅)
ဘဝမှာ ခဏတစ်ဖြုတ်၊ လျှပ်တစ်ပြက်တွေက များလွန်းတယ်
ကားဂိတ်မှာ လက်ပြနှုတ်ဆက်တာမျိုး၊ အခုပဲပွေ့ဖက် အခုပဲလမ်းခွဲလိုက်တာမျိုး...
အချိန်တော်တော်များများမှာ နင်နားမလည်သလို ငါလည်းနားမလည်ခဲ့ဘူး။


ဒီလိုပါပဲ......
ပြောရင်းပြောရင်း ပြောင်းလဲကုန်တယ်
နားထောင်ရင်း နားထောင်ရင်း ငြီးငွေ့ကုန်တယ်
ကြည့်ရင်းကြည့်ရင်း စိတ်ကုန်ကုန်တယ်
နောက်က လိုက်ရင်းလိုက်ရင်း နှေးကွေးကုန်တယ်
လျှောက်ရင်းလျှောက်ရင်း လမ်းခွဲကုန်တယ်
ချစ်ရင်းချစ်ရင်း အချစ်လျော့ကုန်တယ်
လွမ်းရင်းလွမ်းရင်း အဆုံးသတ်ကုန်ကြတယ်။


(၆)
ငါအရမ်းပျင်းတယ်..... ဒါကြောင့် အကောက်ကြံတဲ့ဘာကြံစည်မျိုးမှ ငါနဲ့မကစားပါနဲ့။ အဲဒီအချိန်အတွက် ငါပိုအိပ်နေလိုက်မယ်။


ငါအရမ်းပျင်းတယ်..... ဒါကြောင့် တခြားအချိန်တိုင်းမှာလည်း ငါ့ကို တုံး,အတယ်လို့ မထင်ပါနဲ့။ မလိုအပ်ဘဲ ခေါင်းရှုပ်ခံရေးကြီးခွင့်ကျယ်လုပ်ဖို့ ငါပျင်းလို့ပါ။


ငါအရမ်းပျင်းတယ်..... ဒါကြောင့် ဟိုလိုလိုဒီလိုလို မပြတ်မသား ငါနဲ့မကစားပါနဲ့။ နင်မျှော်လင့်ချက်မဲ့မှာ ငါစိုးလို့ပါ။


(၇)
ဘဝထဲက နေ့ရက်တိုင်းကို အပြစ်မြင် မညည်းတွားပါနဲ့။
ကောင်းတဲ့နေ့ရက်က သင့်ကို ပျော်ရွှင်ခြင်းတွေပေးမယ်။
မကောင်းတဲ့နေ့ရက်က သင့်ကို အတွေ့အကြုံတွေပေးမယ်။
အဆိုးဆုံးနေ့ရက်က သင့်ကို သင်ခန်းစာတွေပေးမယ်။


(၈)


မိန်းကလေးတွေအတွက် အကြံဉာဏ်(၁၄)ချက်
(၁) စာဖတ်ဝါသနာရှိပါစေ
(၂) အဆင့်အတန်းရှိပါစေ
(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ
(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ
(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ
(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ
(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ
(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ
(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ
(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ
(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ
(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ
(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ


Yang Lan (TVအစီအစဉ်တင်ဆက်သူ)




(၉)
အိမ်... ကြီးလို့ရတယ်၊ ငယ်လို့ရတယ်။ မိုးလုံလေလုံ ခိုလှုံနိုင်ဖို့ပဲလိုတယ်။
အိမ်... ဆူညံလို့ရတယ်၊ ငြင်းခုန်လို့ရတယ်။ အမုန်းရန်ငြိုးမထားဖို့ပဲလိုတယ်။
အိမ်... ငိုလို့ရတယ်၊ ရယ်လို့ရတယ်။ တစ်အိမ်လုံး ချမ်းမြေ့ပျော်ရွှင်ဖို့ပဲလိုတယ်။
အိမ်... ဆင်းရဲလို့ရတယ်၊ ချမ်းသာလို့ရတယ်။ မိသားစုတတွေ စည်းလုံးနွေးထွေးဖို့ပဲလိုတယ်။
အိမ်... ဝေးလို့ရတယ်၊ နီးလို့ရတယ်။ အိမ်အပြန်လမ်းကို မှတ်မိနေဖို့ပဲလိုတယ်။
အိမ်... အိုမင်းလို့ရတယ်၊ ဟောင်းနွမ်းလို့ရတယ်။ မကြာခဏအိမ်ပြန်ပြီး မိဘကို အဖော်လုပ်ဖို့ပဲလိုတယ်။


(၁ဝ)



(၁၁)


အင်္ဂလန်က Great Dane ခွေးအမျိုးအစား Lily အသက်(၆)နှစ်ဟာ မျက်တောင်မွေးရှည်လွန်းလို့ မျက်လုံးအိမ်ကို ထိုးမိပြီး မျက်မမြင်ဖြစ်သွားခဲ့ပါသတဲ့။ ဒါကို အသက်(၇)နှစ်ရှိတဲ့ Great Dane ခွေးအမျိုးအစား Madison က guide-dogအဖြစ် Lilyကို လမ်းပြသူလုပ်ခဲ့တယ်။ သူတို့နှစ်ကောင်ဟာ စိတ်အချင်းချင်း ဆက်နေတဲ့အတိုင်းပါပဲ.. ကြိုးချင်းဆွဲမထားလည်း Madisonရဲ့အနံ့အသက်နဲ့ Lilyဟာ Madisonဘေးမှာ မခွဲမခွာ အမြဲတပူးတွဲတွဲ သွားလာနိုင်သတဲ့။ အခုအချိန်မှာbuy one get one free တစ်ကောင်ဝယ် တစ်ကောင်လက်ဆောင်ပေးအဖြစ်နဲ့ ခွေးနှစ်ကောင်ရဲ့ သခင်အသစ်ကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။


FB (facebook)မှာ ကျွန်မမျှဝေဖြစ်တာတွေပါ။ FBမသုံးဖြစ်သူတွေအတွက် စုစည်းပြီး (အသစ်တွေမရေးဖြစ်တဲ့အခါ) ဘလော့မှာ ပြန်မျှဝေပါတယ်။