*
ဆုံဆည်းရာမှ နွေးထွေးပျူငှါ ကြိုဆိုလျှက်ပါ။

Thursday, November 3, 2011

ရွာလွမ်းနာ




 ဇာတိရွာနဲ့ အနေဝေးနေသူတို့အတွက်တော့.... ဒီကဗျာလေးက ရင်ဘတ်ကို တစ်မျိုးမျိးနဲ့တော့ 
 ကိုင်လှုပ်နိုင်ပါလိမ့်မယ်....။


အလှည့်ကျရာသီများကိုပွေ့ဖက်ပြီး
တံလျှပ်တွေနဲ့ဆွေရင်း မျိုးရင်း
ရိုးသား သန့်ရှင်းတဲ့မျက်နှာများ စိုစွတ်ရာ
ငါ့ ....ဇာတိရွာကိုလွမ်းတယ် ။
အပင်ချင်းထိ
အကိုင်းချင်းချင်းယှက်
အရွက်အားလုံးကို ခါကျဉ်
ရိုးတွင်းချဉ်ဆီထဲကနေ အားကုန်ပွင့်
ပင်မြင့်ထက်မှာ ဝေဆာဆာ
ရွာအ၀င် တမာပင်ကြီးရဲ့အလှ
ငါ့....ဇာတိရွာကို လွမ်းတယ် ။
ထန်းပင် ထန်းလက် ထန်းခက်တွေကြားက
တွံတေးသိန်းတန်ရဲ့ ထွေးညို
အမေနဲ့ရွာကိုလွမ်းတဲ့ ဟင်္သာတထွန်းရင်
ကိုရင်သာဒင်ကြီးနဲ့ဘခက်
ထန်းတက်သမားရဲ့ ပါးစပ်အနုပညာ
ငါ့ ....ဇာတိရွာကိုလွမ်းတယ် ။
မှိုင်းမှိုင်းပြပြ    အနောက်ရိုးမတောင်တန်းကြီးဆီ
နေလုံးနီနီကိုကျောခိုင်း
ပုဆိုးစလွယ်သိုင်းပြီး
ဆံရစ်နဲ့ပုလွေသံနှော
ဈေးပေါပေါ ဆိုင်ကယ်တွေလို 
ဥဒဟိုပြေးလွှား
ကျွဲနွားတွေရဲ့ ရွာအပြန်လမ်းမ
ငါ့ ... ဇာတိရွာကိုလွမ်းတယ် ။
 သဘာဝရဲ့လက်ဆောင် 
ကြယ်ရောင် လရောင်တွေနဲ့ရင်းနီး
ထုပ်ဆီးတိုး ကြိုးခုန်
ယုံတမ်းပုံပြင်တွေ တစ်လှည့်စီပြော
ခုံးလျှောစီး ဇယ်ခတ်
ပင်ကိုယ်အလှဓာတ်တွေနဲ့ဝတ်မှုန်ကူး
ရယ်ရွှင်မြူးခဲ့တဲ့ငယ်ဘဝ
ငါ့ ...ဇာတိရွာကိုလွမ်းတယ်။
ပြီးတော့ 
သားလို့ခေါ်လိုက်ရရင်
ဓားတစ်လက်ပမာ 
အားတက်ရှာတဲ့မိအို ဖအို
ရွှေမြင့်မိုရ် တောင်ကြီးနှစ်လုံး 
ပီတိအပြုံးတွေနဲ့ ဆီးကြို
ငါ ပိုပြီးလွမ်းတယ် ။          ။
                                 
                                                  မောင်သန်းစိုး(ချောက်)
                         ၂၀၀၃ -ဇူလိုင်လ၊ မြားနတ်မောင်မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်
                                

No comments:

Post a Comment