ဆုံဆည်းရာ
Monday, October 6, 2014
Thursday, July 5, 2012
ဒီကနေ့ခေတ်မှာ......
ကျွန်တော်တို့ရဲ့နေအိမ်တွေ ကြီးသထက် ကြီးလာကြတယ်၊ ဒါပေမယ့် မိသားစုဝင်တွေ နည်းသထက် နည်းသွားကြတယ်။
စားဝတ်နေထိုင်ရေးတွေ အဆင်ပြေသထက် ပြေလာကြတယ်၊ ဒါပေမယ့် အချိန်တွေ နည်းသထက် နည်းသွားခဲ့တယ်။
အတန်းပညာတွေ မြင့်သထက် မြင့်လာကြတယ်၊ ဒါပေမယ့် အသိဉာဏ်တွေ နည်းသထက် နည်းသွားကြတယ်။
အသိပညာတွေ များသထက် များလာကြတယ်၊ ဒါပေမယ့် ဆင်ခြင်ဆုံးဖြတ်ဉာဏ်တွေ နည်းသထက် နည်းသွားကြတယ်။
ပညာရှင်တွေ အများကြီး ပေါ်ထွက်လာကြတယ်၊ ဒါပေမယ့် ပြဿနာတွေ ပိုပိုများလာခဲ့တယ်။
ဆေးပညာတွေ တိုးတက်သထက် တိုးတက်လာတယ်၊ ဒါပေမယ့် ကျန်းမာရေးက ချွတ်ယွင်းသထက် ချွတ်ယွင်းကြတယ်။
သုံးဖြုန်းမှု များသထက် များလာကြတယ်၊ ဒါပေမယ့် အပြုံးအရယ် နည်းသထက် နည်းသွားကြတယ်။
ကားအမြန် မောင်းကြသလို ဒေါသအထွက်လည်း မြန်ကြတယ်။
အိပ်ရာဝင်ချိန် နောက်ကျကြပေမယ့် စာဖတ်ချိန် နည်းလာကြတယ်။
အလာပသလာပတွေ များသထက် များလာကြတယ်၊ ဒါပေမယ့် တွေးတောချင့်ချိန်မှု နည်းသထက် နည်းသွားကြတယ်။
ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာများသထက် များလာတယ်၊ ဒါပေမယ့် တန်ဖိုးကျသထက် ကျခဲ့တယ်။
အပြော များများပြောကြတယ်၊ ဒါပေမယ့် စေတနာပါတဲ့အလုပ် နည်းနည်းပဲလုပ်ကြတယ်။
မြင့်သထက်မြင့်တဲ့ အဆောက်အဦးတွေ ဆောက်ကြတယ်၊ ဒါပေမယ့် နိမ့်သထက်နိမ့်သွားတဲ့ EQတွေလည်းရှိတယ်။
ဟိုင်းဝေးလမ်းမကြီးတွေ ပိုကျယ်ပြန့်သထက် ကျယ်ပြန့်အောင်ဆောက်ကြတယ်၊ ဒါပေမယ့် အမြင်တွေ ပိုကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာကြတယ်။
ကျွန်တော်တို့ သုံးဖြုန်းသထက် သုံးဖြုန်းကြတယ်၊ ဒါပေမယ့် ပိုင်ဆိုင်တာတွေ နည်းသထက် နည်းလာကြတယ်။
လကမ္ဘာပေါ် ကျွန်တော်တို့ သွားနိုင်ကြပြီ၊ ဒါပေမယ့် ဘေးအိမ်က အိမ်နီးချင်းနဲ့ ကျွန်တော်တို့မခင်မင်ကြဘူး။
အာကာသတစ်ခွင်ကို ကျွန်တော်တို့ သိမ်းပိုက်စိုးမိုးလို့ရတယ်၊ ဒါပေမယ့် ကိုယ့်အတွင်းစိတ်ကမ္ဘာကိုတော့ ကျွန်တော်တို့မထိန်းချုပ်နိုင်ခဲ့ဘူး။
အဏုမြူတွေကို ကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာလို့ရတယ်၊ ဒါပေမယ့် စိတ်ထဲက ဘက်လိုက်တဲ့အစွဲတွေကို ကျွန်တော်တို့ ထုတ်ဖယ်မပစ်နိုင်ခဲ့ဘူး။
ကျွန်တော်တို့ စာအများကြီး ရေးကြတယ်၊ ဒါပေမယ့် သင်ယူမှုတွေ နည်းသထက် နည်းလာကြတယ်။
ကျွန်တော်တို့ စီမံချက်တွေ အများကြီးချကြတယ်၊ ဒါပေမယ့် အောင်မြင်မှုတွေ နည်းသထက် နည်းလာကြတယ်။
အလုပ်များအောင် ကျွန်တော်တို့လုပ်ဆောင်ကြတယ်၊ ဒါပေမယ့် စောင့်ရတာကို ကျွန်တော်တို့စိတ်မရှည်ခဲ့ကြဘူး။
ကျွန်တော်တို့ရဲ့လစာတွေ များသထက်များလာကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စာရိတ္တတွေ နိမ့်သထက်နိမ့်ခဲ့ကြတယ်။
ကွန်ပြူတာတွေ ထွင်ကြတယ်၊ သတင်းအချက်အလက်တွေ ဖမ်းဆုပ်ကြတယ်၊ မိတ္တူတွေပွားများကြတယ်၊ ဒါပေမယ့် အချင်းချင်းပြောဆိုဆက်ဆံမှုတွေ နည်းသထက် နည်းလာခဲ့ကြတယ်။
ကျွန်တော်တို့မှာ အရေအတွက်တွေ များသထက်များလာတယ်၊ အရည်အချင်းရှိသူတွေ နည်းသထက် နည်းလာကြတယ်။
ဒီခေတ်ဟာ....
ရယ်ဒီမိတ်အစားအစာတွေ များလာပြီး အစာမကြေတဲ့ခေတ်
ကြီးမားတောင့်တင်းတဲ့ခန္ဓာကိုယ်ရှိပြီး နိမ့်ကျသေးသိမ်တဲ့ အကျင့်စရိုက်ရှိတဲ့ခေတ်
အနားယူစခန်းတွေ များလာပြီး ပျော်ရွှင်မှုတွေ နည်းလာတဲ့ခေတ်
အစားအစာမျိုးစုံပြီး အာဟာရချို့တဲ့တဲ့ခေတ်
မိန်းမရှာတဲ့ငွေ၊ ယောက်ျားရှာတဲ့ငွေနဲ့ ဝင်ငွေနှစ်ခုရှိပြီး ကွာရှင်းပြတ်စဲခြင်းများတဲ့ခေတ်
တိုက်ကြီးတာကြီးနဲ့ ခမ်းညားထည်ဝါကြပြီး ကျိုးပဲ့တဲ့ မိသားစုများတဲ့ခေတ်
ဒီလိုခေတ်ကြီးမှာ လုပ်စရာအလုပ်တွေကို ထူးခြားတဲ့ရက်၊ ထူးခြားတဲ့နေရာမှာမှလုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုးမရှိဖို့ သင့်ကို ကျွန်တော်အကြံပြုပါရစေ။ အကြောင်းက သင်အသက်ရှင်နေတဲ့နေ့ရက်တိုင်းဟာ ထူးခြားတဲ့နေ့ဖြစ်လို့ပါပဲ။
စာများများဖတ်ပါ၊ အသိပညာကို လိုက်စားပါ။ သင့်အိမ်ရှေ့ဝံရတာမှာထိုင်ပြီး သဘာဝအလှကို ရူစားပါ။
မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေအတွက် အချိန်ပိုပေးပါ။ ကြိုက်နှစ်သက်တဲ့အစားအစာကို စားသုံးပါ။ ကြိုက်နှစ်သက်တဲ့နေရာဆီ ခရီးထွက်ပါ။
ဘဝဆိုတာ ရှင်သန်ဖို့ချည်းမဟုတ်ဘဲ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့ ပေါင်းစပ်ချိတ်ဆက်ထားတဲ့ ကွင်းဆက်လေးဖြစ်ပါတယ်။
သိမ်းထားတဲ့ ဝိုင်ဖန်ခွက်လှလှလေးတွေကို ထုတ်လိုက်ပါ၊ ရေမွှေးတွေကို သိမ်းထားဖို့ စိတ်မကူးပါနဲ့။ ဘယ်အချိန်ပဲဖြစ်ဖြစ် သင်သုံးချင်တယ်ဆိုတဲ့အချိန်မှာ သုံးလိုက်ပါ။
"တစ်နေ့နေ့ကျမှ" "တစ်ချိန်ချိန်ကျမှ"ဆိုတဲ့ စကားလုံးကို သင့်အဘိဓာန်ထဲကနေ ဖြုတ်ထုတ်လိုက်ပါ။ ပြီးတော့ "တစ်နေ့နေ့ကျမှ" ရေးမယ်လို့ သင့်စိတ်ကူးထားတဲ့စာကို အခုပဲ ကောက်ရေးလိုက်ပါ။ အိမ်သားတွေကို သင်ဘယ်လောက်ချစ်ကြောင်း ထုတ်ဖော်ပြောလိုက်ပါ။
သင့်ကို ပျော်ရွှင်မှုပေးနိုင်မယ့်၊ အပြုံးအရယ်တွေပေးနိုင်မယ့် ဘယ်အရာကိုမဆို လုပ်ဖို့ မနှောင့်နှေးပါစေနဲ့။
နေ့ရက်တစ်ရက်၊ အချိန်တစ်ချိန်၊ တစ်စက္ကန့်တိုင်းဟာ ထူးခြားမှုရှိပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်မိနစ်ဟာ သင့်ရဲ့နောက်ဆုံးအချိန်ဖြစ်မယ်မှန်း မသိလို့ပါပဲ....
Sun Yueh (ထိုင်ဝမ်သရုပ်ဆောင်)

Sunday, November 6, 2011
ပြုံးပါ
လူတွေ အထင်လွဲတာကို ခံရတဲ့အခါ ပါးပါးလျလျလေး ပြုံးပါ။ ဒါဟာ အသိပညာနဲ့ပြည့်စုံခြင်း တစ်မျိုးပါ။
မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်း တစ်မျိုးပါ။
နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါ ။
ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြက်ခြင်းတစ်မျိုးပါ။
မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်း တစ်မျိုးပါ။
နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါ
ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြက်ခြင်းတစ်မျိုးပါ။
အကူအညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့်လေး ပြုံးပါ။ ဒါဟာ စိတ်ကို လှုံ့ဆော်ပေးခြင်းတစ်မျိုးပါ။
ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ။ ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါ။
ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ။ ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါ။
အပြစ်တင်တာကို ခံရတဲ့အခါ အေးအေးဆေးဆေး ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းတစ်မျိုးပါ။
အသဲကွဲတဲ့အခါ ခပ်ပေါ့ပေါ့လေးပြုံးပါ။ ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုးပါ။
စိတ်ထိခိုက်ကြွေကွဲချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ခြင်းတစ်မျိုးပါ။
စိတ်ထိခိုက်ကြွေကွဲချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ခြင်းတစ်မျိုးပါ။
ကဲ့ရဲ့လှောင်ပြောင်ခံရချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို အားပေးခြင်းတစ်မျိုးပါ။
ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခက်အခဲမှာဖြစ်ဖြစ် နေ့တိုင်း ပြုံးနိုင်ဖို့ ကြိုးစားပါ။
ဝမ်းနည်းအားငယ်ချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို အားအင်းတိုးစေခြင်းတစ်မျိုးပါ။
........စိတ်ပါ..လက်ပါ....ပြုံးပညာရှင် ပီသချင်လျှင်.......
ဒေါက်တာထွန်းလွင် (MCCW) ရဲ့ဖော်ပြချက်
ကျွန်တော် ၂၀၀၉ ခုနှစ် မေလမှာ မိုးလေ၀သဌာနမှ အငြိမ်းစားယူတော့ ဂျာနယ်လစ်တွေက ကျွန်တော်ပါတဲ့ သတင်းတွေ ရေးတဲ့အခါ “မိုးလေ၀သပညာရှင်” လို့ သုံးလာကြပါတယ်။ ကျွန်တော် တားပါသေးတယ်။ “မိုးလေ၀သသုတေသီ” ဆိုရင် တော်လောက်ပါပြီလို့။ ဒါပေမယ့် မရပါဘူးဗျာ။ အခုတော့လည်း အားလုံးက သုံးနေကြပါပြီ။
တကယ်တော့ ပညာရှင်လို့ အခေါ်ခံရတာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့နေနဲ့ ဒီ ... ဂုဏ်ပုဒ်ဟာ မြင့်လွန်းနေတယ်လို့ ယူဆပါတယ်။ နောက်ပြီး ဂိုဏ်းသင့်မှာလည်း စိုးရိမ်မိပါတယ်။ အဆိုးဆုံးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နိုင်ငံကျော် ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ “ဒွေး” ပြောဖူးတဲ့ “ပညာရှင်” ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျွန်တော် ပြန်ပြန်သတိရနေမိပြီး “ပညာရှင်” အခေါ်ခံရမှာကို အကြောက်ဆုံးလည်း ဖြစ်နေလို့ပါပဲ။
လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က မဂ္ဂဇင်းတစ်စောင်ရဲ့ အင်တာဗျူးတစ်ခုမှာ အကယ်ဒမီဒွေးက “ပညာရှင်” ဆိုတာနဲ့ ပတ်သက်ပြီး ဒီလိုပြောဖူးပါတယ်။
ပြင်သစ်တော်လှန်ရေး ခေတ်တုန်းက သေဒဏ်အပေးခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို စောင့်ဆိုင်းနေကြရသတဲ့။ အဲဒီခေတ်အခါကလည်း သေဒဏ်ပေးတဲ့စနစ်က လူပုံအလယ်မှာ ဆောက်လုပ်ထားတဲ့ စင်ကြီးပေါ်မှာ တရားခံတွေကိုတင်ပြီး အများရှေ့မှာ Guillotine လို့ခေါ်တဲ့ ခေါင်းဖြတ်စက်ကြီးနဲ့ ခေါင်းဖြတ်သတ်တဲ့နည်းနဲ့ တရားခံတွေကို သေဒဏ်ပေးလေ့ရှိသတဲ့။
ဒီလိုနဲ့ သေဒဏ်ပေးဖို့ စီရင်ချက်ချခံထားရတဲ့ တရားခံ (၃) ဦးဟာ သေဒဏ်ပေးခံရမယ့်နေ့ကို ရောက်လာသတဲ့။ အဲဒီနေ့မှာ လူတွေဟာလည်း ခေါင်းဖြတ်စက်ကြီး ဆင်ထားတဲ့ ကွင်းပြင်ကြီးထဲကို မနက်ကတည်းက ရောက်လာလိုက်ကြတာ ကွင်းလုံးပြည့်ပဲတဲ့။
အချိန်ရောက်လာတော့ တရားခံ(၃)ယောက်ကို ကွင်းလယ်မှာရှိတဲ့ ခေါင်းဖြတ်စက် စင်ကြီးပေါ်ကို တင်လိုက်သတဲ့။ ပြီးတော့ ပထမဆုံးတရားခံကို ခေါင်းဖြတ်စက်နဲ့ သေဒဏ်ပေးဖို့အတွက် ပါးကွက်သားတွေက ခေါင်းဖြတ်စက်ရဲ့ ဓါးသွားကြီး အောက်မှာ ဆင်ထားတဲ့ ခုံအပေါ်မှာ တရားခံကို ဇက်စင်းပြီး တင်ထားစေသတဲ့။ နောက်တော့ စင်ကြီးရဲ့အလယ် တိုင်ကြီးနှစ်ဖက်နဲ့ အမြင့်မှာချိတ်ဆွဲထားတဲ့ ဓါးကြီးကို ဖြုတ်ချ လိုက်ကြသတဲ့။
ဖြစ်ချင်တော့ ဓါးကြီးဟာ JAM ဖြစ်နေပြီး ပြုတ်ကျမလာပဲ လမ်းတစ်ဝက်မှာပဲ ညပ်နေသတဲ့။ ဒါနဲ့ ပထမတရားခံဟာ မသေမချင်းသတ်စေလို့ အမိန့်ချ ထားတာ မဟုတ်လေတော့ သေဒဏ်က လွတ်သွားသတဲ့။
နောက် ဒုတိယ တရားခံအလှည့် ရောက်လာတော့လည်း ဒီလိုပဲ ဖြုတ်ချလိုက်တဲ့ ဓါးကြီးဟာ လမ်းမှာပဲ ညပ်နေပြန်လို့ ပထမတရားခံလိုပဲ သေဒဏ်က လွတ်သွားပြန်ရောတဲ့။
ဒါနဲ့ နောက်ဆုံး တတိယတရားခံအလှည့် ရောက်လာတော့ ဒီဖြစ်ရပ်ကို အစအဆုံး နှစ်ကြိမ်တိုင်တိုင် မြင်တွေ့လိုက်ရတဲ့ တတိယတရားခံက “နေပါဦးဗျာ။ သေရမယ့် လူတစ်ဦးအနေနဲ့ မသေခင် သူလိုချင်တာလေးကို နောက်ဆုံးအခွင့်အရေးအနေနဲ့ တောင်းဆိုခွင့် ရှိတယ်မဟုတ်လား ခင်ဗျာ” လို့ အာဏာပါးကွက်သားတွေကို ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက တတိယတရားခံရဲ့ တောင်းဆိုချက်ဟာ တရားဥပဒေနဲ့ ညီနေတာကြောင့် “အေး.. အေး ဟုတ်ပါပြီ။ မင်းက ဘာများ တောင်းဆိုချင်သလဲ” လို့ ပြန်မေးလိုက်ကြပါတယ်။
ဒီတော့ တတိယ တရားခံက “ကျွန်တော် ဒီဓါးစက်ကြီး ဘာချို့ယွင်းနေတာလည်းဆိုတာ စစ်ဆေးကြည့်ချင်ပါတယ်” လို့ ပြောလိုက်သတဲ့။ ဒီတော့ အာဏာပါးကွက်သားတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ “ကြည့်လေကွာ” ဆိုပြီး ခွင့်ပြုလိုက်ကြသတဲ့။ ဒါနဲ့ တတိယတရားခံဟာ ဓါးစက်ကြီး အပေါ်ကိုတက်ကြည့ပြီး ချို့ယွင်းနေတာကို ရှာပြီး ပြင်ပေးလိုက်သတဲ့။
နောက်တော့ ပြန်ဆင်းလာပြီး “ကဲ…ကဲ…ကောင်းသွားပါပြီ။ ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ် နိုင်ပါပြီ” လို့ပြောလိုက်သတဲ့။ ဒီတော့လည်း အာဏာပါးကွက်သားတွေက “အေး.. ဆက်လုပ်စရာကတော့.. ဒီတစ်ခါ မင်းအလှည့်မို့ မင်းရဲ့ခေါင်းကို အဲဒီ ဓါးစက်ကြီး အောက်က ခုံပေါ်ကိုတင်လိုက်တော့” လို့ ပြောကြသတဲ့။
ဒီတော့လည်း တတိယ တရားခံဟာ ပြောတဲ့အတိုင်း သူ့ရဲ့ခေါင်းကို ခုံပေါ်လည်းတင်ပြီးရော၊ အာဏာပါးကွက်သားတွေက ဓါးစက်ကြီးရဲ့ မောင်းကိုဖြုတ်ချလိုက်တာ တစ်ခါတည်း အမြင့်မှာ တပ်ထားတဲ့ ဓါးသွားကြီးဟာ ၀ှီးကနဲကျလာပြီး တတိယတရားခံကို ဒုံးကနဲဖြတ်ချလိုက် သတဲ့။ ဒါနဲ့ တတိယ တရားခံဟာလည်း ခေါင်းအဖြတ်ခံရပြီး သေသွားရပါသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲတဲ့။
သြော်… သြော်… ပြောဖို့ တစ်ခုကျန်သွားပါတယ်။ ခေါင်းဖြတ်အသတ်ခံလိုက်ရတဲ့ တတိယ တရားခံဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသတဲ့။
ပုံကတော့ ဒါပါပဲဗျာ။ ဒါဟာ “ဒွေး”ရဲ့ ပညာရှင်ကို ဖွင့်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြောချင်တာကတော့ ပညာရှင်ဆိုတာ ကိုယ့်အသက်သေရမယ့် ကိစ္စဖြစ်ပါစေ၊ မှားနေတာ၊ လွဲချော်နေတာကိုတွေ့နေရရင် ကိုယ့်ပညာနဲ့ပတ်သက်ပြီး ပညာရှင်ရဲ့ ဂုဏ်ကို အထိခိုက်မခံပဲ အသက်စွန့်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံ သယ်ပိုးပေးစမြဲပဲ ဆိုတာပါပဲ။
ကဲ ပညာရှင်လို့ အခေါ်ခံရဖို့ လွယ်လားဗျာ။
(ဒေါက်တာထွန်းလွင်၏ ဖေ့စ်ဘုတ်တွင် ရေးသားချက်ကို ကူးယူဖော်ပြပါသည်။)
Thursday, November 3, 2011
နေ၀င်ချိန်
ရွှေအိုရောင်နံနက်ခင်းနဲ့အတူ
ကော်ဖီခါးတစ်ခွက်ရဲ့
အငွေ့အသက်အောက်မှာ
တို့ အားလုံး အမဲလိုက်နေကြတယ် ။
အမြင့်ဆုံးကိုရောက်ဖို့
အနိမ့်ဆုံးက ဦးခေါင်းတွေပေါ်မှာ
ခြေရာတွေ ထပ်လို့ ..........
အားလုံးရဲ့အာဏပါဏတေးသံတွေက
စည်း ၀ါး မမှန်တာများတယ်
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ
ငါ ဆိုတဲ့ တောင်ပံခတ်သံတဖြန်းဖြန်းနဲ့
အစရှိရင် အဆုံးရှိတယ်ဆိုတဲ့
သဘောတရားကိုလက်ခံထားပါရဲ့နဲ့
ဘာ့ကြောင့် အနိစ္စတရားရဲ့အောက်မှာ
ဒူးမထောက်လိုကြတာလဲ ....
လိုက်တဲ့လူတွေကလဲ လိုက်တယ်
ပြေးတဲ့လူတွေကလဲမမောဘူး
လိုက်ရင်း ပြေးရင်းနဲ့
ခေါင်းရင်းက စံပယ်ခြုံလေးကို ခလုတ်တိုက်မိကာမှ
ခြေရင်းက အုတ်ဂူတွေကို သတိရမိကြတယ် ၊
မင်းတို့ ဘယ်ကိုပြေးပြေး
အချိန်တန်တော့ ငါ့ဆီရောက်လာမှာပါ တဲ့
အားလုံးကို စောင့်ကြိုနေတဲ့သူ ရှိတယ် ၊
ကဲ .. ကျွန်တော်တို့အားလုံး
သူ့ စီ အလည်သွားလိုက်ကြပါဦးစို့ ......... ။ ။
မိုးသက် (တန့်ဆည်)
ရွာလွမ်းနာ
ဇာတိရွာနဲ့ အနေဝေးနေသူတို့အတွက်တော့.... ဒီကဗျာလေးက ရင်ဘတ်ကို တစ်မျိုးမျိးနဲ့တော့
ကိုင်လှုပ်နိုင်ပါလိမ့်မယ်....။
အလှည့်ကျရာသီများကိုပွေ့ဖက်ပြီး
တံလျှပ်တွေနဲ့ဆွေရင်း မျိုးရင်း
ရိုးသား သန့်ရှင်းတဲ့မျက်နှာများ စိုစွတ်ရာ
ငါ့ ....ဇာတိရွာကိုလွမ်းတယ် ။
အပင်ချင်းထိ
အကိုင်းချင်းချင်းယှက်
အရွက်အားလုံးကို ခါကျဉ်
ရိုးတွင်းချဉ်ဆီထဲကနေ အားကုန်ပွင့်
ပင်မြင့်ထက်မှာ ဝေဆာဆာ
ရွာအ၀င် တမာပင်ကြီးရဲ့အလှ
ငါ့....ဇာတိရွာကို လွမ်းတယ် ။
ထန်းပင် ထန်းလက် ထန်းခက်တွေကြားက
တွံတေးသိန်းတန်ရဲ့ ထွေးညို
အမေနဲ့ရွာကိုလွမ်းတဲ့ ဟင်္သာတထွန်းရင်
ကိုရင်သာဒင်ကြီးနဲ့ဘခက်
ထန်းတက်သမားရဲ့ ပါးစပ်အနုပညာ
ငါ့ ....ဇာတိရွာကိုလွမ်းတယ် ။
မှိုင်းမှိုင်းပြပြ အနောက်ရိုးမတောင်တန်းကြီးဆီ
နေလုံးနီနီကိုကျောခိုင်း
ပုဆိုးစလွယ်သိုင်းပြီး
ဆံရစ်နဲ့ပုလွေသံနှော
ဈေးပေါပေါ ဆိုင်ကယ်တွေလို
ဥဒဟိုပြေးလွှား
ကျွဲနွားတွေရဲ့ ရွာအပြန်လမ်းမ
ငါ့ ... ဇာတိရွာကိုလွမ်းတယ် ။
သဘာဝရဲ့လက်ဆောင်
ကြယ်ရောင် လရောင်တွေနဲ့ရင်းနီး
ထုပ်ဆီးတိုး ကြိုးခုန်
ယုံတမ်းပုံပြင်တွေ တစ်လှည့်စီပြော
ခုံးလျှောစီး ဇယ်ခတ်
ပင်ကိုယ်အလှဓာတ်တွေနဲ့ဝတ်မှုန်ကူး
ရယ်ရွှင်မြူးခဲ့တဲ့ငယ်ဘဝ
ငါ့ ...ဇာတိရွာကိုလွမ်းတယ်။
ပြီးတော့
သားလို့ခေါ်လိုက်ရရင်
ဓားတစ်လက်ပမာ
အားတက်ရှာတဲ့မိအို ဖအို
ရွှေမြင့်မိုရ် တောင်ကြီးနှစ်လုံး
ပီတိအပြုံးတွေနဲ့ ဆီးကြို
ငါ ပိုပြီးလွမ်းတယ် ။ ။
မောင်သန်းစိုး(ချောက်)
၂၀၀၃ -ဇူလိုင်လ၊ မြားနတ်မောင်မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်
ပြောင်းလဲခြင်းဆိုတာ
ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင်ကျနေတယ် ......။
အလင်းကွယ်သွားတဲ့အခါ
ကျောက်တုံးပေါ် အမှောင်ရိပ်ကျလာမှာဘဲပေါ့ ။
ကျောက်တုံးဟာ ဘာမှပြောင်းလဲမသွားဘူး
လူတွေဟာ ကိုယ် ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံးသိစေချင်ကြတယ် ....။
ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ပြန်ဘူး ။
လောက ကတော့ ဘာမှမပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း အမှောင်ကို ထွန်းညှိနေတာပါ။
မသိမ်းပိုက်သူဟာ အရာရာကိုအောင်နိုင်တယ် .....။ ။
ရေးသူ - မမှတ်မိ
Subscribe to:
Posts (Atom)