Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Monday, October 6, 2014
Thursday, November 3, 2011
နေ၀င်ချိန်
ရွှေအိုရောင်နံနက်ခင်းနဲ့အတူ
ကော်ဖီခါးတစ်ခွက်ရဲ့
အငွေ့အသက်အောက်မှာ
တို့ အားလုံး အမဲလိုက်နေကြတယ် ။
အမြင့်ဆုံးကိုရောက်ဖို့
အနိမ့်ဆုံးက ဦးခေါင်းတွေပေါ်မှာ
ခြေရာတွေ ထပ်လို့ ..........
အားလုံးရဲ့အာဏပါဏတေးသံတွေက
စည်း ၀ါး မမှန်တာများတယ်
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ
ငါ ဆိုတဲ့ တောင်ပံခတ်သံတဖြန်းဖြန်းနဲ့
အစရှိရင် အဆုံးရှိတယ်ဆိုတဲ့
သဘောတရားကိုလက်ခံထားပါရဲ့နဲ့
ဘာ့ကြောင့် အနိစ္စတရားရဲ့အောက်မှာ
ဒူးမထောက်လိုကြတာလဲ ....
လိုက်တဲ့လူတွေကလဲ လိုက်တယ်
ပြေးတဲ့လူတွေကလဲမမောဘူး
လိုက်ရင်း ပြေးရင်းနဲ့
ခေါင်းရင်းက စံပယ်ခြုံလေးကို ခလုတ်တိုက်မိကာမှ
ခြေရင်းက အုတ်ဂူတွေကို သတိရမိကြတယ် ၊
မင်းတို့ ဘယ်ကိုပြေးပြေး
အချိန်တန်တော့ ငါ့ဆီရောက်လာမှာပါ တဲ့
အားလုံးကို စောင့်ကြိုနေတဲ့သူ ရှိတယ် ၊
ကဲ .. ကျွန်တော်တို့အားလုံး
သူ့ စီ အလည်သွားလိုက်ကြပါဦးစို့ ......... ။ ။
မိုးသက် (တန့်ဆည်)
ရွာလွမ်းနာ
ဇာတိရွာနဲ့ အနေဝေးနေသူတို့အတွက်တော့.... ဒီကဗျာလေးက ရင်ဘတ်ကို တစ်မျိုးမျိးနဲ့တော့
ကိုင်လှုပ်နိုင်ပါလိမ့်မယ်....။
အလှည့်ကျရာသီများကိုပွေ့ဖက်ပြီး
တံလျှပ်တွေနဲ့ဆွေရင်း မျိုးရင်း
ရိုးသား သန့်ရှင်းတဲ့မျက်နှာများ စိုစွတ်ရာ
ငါ့ ....ဇာတိရွာကိုလွမ်းတယ် ။
အပင်ချင်းထိ
အကိုင်းချင်းချင်းယှက်
အရွက်အားလုံးကို ခါကျဉ်
ရိုးတွင်းချဉ်ဆီထဲကနေ အားကုန်ပွင့်
ပင်မြင့်ထက်မှာ ဝေဆာဆာ
ရွာအ၀င် တမာပင်ကြီးရဲ့အလှ
ငါ့....ဇာတိရွာကို လွမ်းတယ် ။
ထန်းပင် ထန်းလက် ထန်းခက်တွေကြားက
တွံတေးသိန်းတန်ရဲ့ ထွေးညို
အမေနဲ့ရွာကိုလွမ်းတဲ့ ဟင်္သာတထွန်းရင်
ကိုရင်သာဒင်ကြီးနဲ့ဘခက်
ထန်းတက်သမားရဲ့ ပါးစပ်အနုပညာ
ငါ့ ....ဇာတိရွာကိုလွမ်းတယ် ။
မှိုင်းမှိုင်းပြပြ အနောက်ရိုးမတောင်တန်းကြီးဆီ
နေလုံးနီနီကိုကျောခိုင်း
ပုဆိုးစလွယ်သိုင်းပြီး
ဆံရစ်နဲ့ပုလွေသံနှော
ဈေးပေါပေါ ဆိုင်ကယ်တွေလို
ဥဒဟိုပြေးလွှား
ကျွဲနွားတွေရဲ့ ရွာအပြန်လမ်းမ
ငါ့ ... ဇာတိရွာကိုလွမ်းတယ် ။
သဘာဝရဲ့လက်ဆောင်
ကြယ်ရောင် လရောင်တွေနဲ့ရင်းနီး
ထုပ်ဆီးတိုး ကြိုးခုန်
ယုံတမ်းပုံပြင်တွေ တစ်လှည့်စီပြော
ခုံးလျှောစီး ဇယ်ခတ်
ပင်ကိုယ်အလှဓာတ်တွေနဲ့ဝတ်မှုန်ကူး
ရယ်ရွှင်မြူးခဲ့တဲ့ငယ်ဘဝ
ငါ့ ...ဇာတိရွာကိုလွမ်းတယ်။
ပြီးတော့
သားလို့ခေါ်လိုက်ရရင်
ဓားတစ်လက်ပမာ
အားတက်ရှာတဲ့မိအို ဖအို
ရွှေမြင့်မိုရ် တောင်ကြီးနှစ်လုံး
ပီတိအပြုံးတွေနဲ့ ဆီးကြို
ငါ ပိုပြီးလွမ်းတယ် ။ ။
မောင်သန်းစိုး(ချောက်)
၂၀၀၃ -ဇူလိုင်လ၊ မြားနတ်မောင်မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်
ပြောင်းလဲခြင်းဆိုတာ
ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင်ကျနေတယ် ......။
အလင်းကွယ်သွားတဲ့အခါ
ကျောက်တုံးပေါ် အမှောင်ရိပ်ကျလာမှာဘဲပေါ့ ။
ကျောက်တုံးဟာ ဘာမှပြောင်းလဲမသွားဘူး
လူတွေဟာ ကိုယ် ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံးသိစေချင်ကြတယ် ....။
ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ပြန်ဘူး ။
လောက ကတော့ ဘာမှမပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း အမှောင်ကို ထွန်းညှိနေတာပါ။
မသိမ်းပိုက်သူဟာ အရာရာကိုအောင်နိုင်တယ် .....။ ။
ရေးသူ - မမှတ်မိ
ကိုရေးရာဇ၀င်
ကိုယ်ရေးရာဇ၀င်

ဆူးကြားမှာ သီးတဲ့ ဘူးသီးလေးလို
တိမ်တောင်ကြားမှာ ပျံသန်းချင်သလို
ဘာမှ မသင်ဘူးသလို ဘာမှ မသိခဲ့သူတွေ
ဘာမှ မတတ်သလို ဘာမှ မဖတ်ခဲ့သူတွေ
ဧရာဝတီပေါ်မှာ မင်းမူ
သွေးစိမ်းပူပူတွေ ပစ်ချ
မြန်မာပြည်ဟာ မျက်ရည်ကျနေတယ်။
မမြန်တဲ့ မမာတဲ့လူတွေဟာ
မြန်မာဆိုတဲ့နာမည်နဲ့
မြူးကြွ အရူးထ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးစက်ခခဲ့တဲ့မြေ။
တရားတွေဟောသလောက်
တရားသဘောမပေါက်တဲ့မြေ ။
မှိုလိုပေါက်နေတဲ့ တရားစခန်းကြားက
အရက်ဘားခန်းတွေက တစ်ခုပြီးတစ်ခု
လုယက်စိတ်တွေ ခိုးလိုးခုလု
မင်း သိပ်တော်တယ်ပြောကြည့်
နွားကျောင်းသားကစပြီး ပျော်တဲ့မြေ ။
အရမ်းအပြောကောင်းတယ်
အမတ်ရွေးပွဲဝင်ပါ့လားဆို
ဆိုက္ကားသမားလဲ မာန်တွေတက်
ခြံစောင့်ဖို့ထက် ဈေးခွေးလုပ်ချင်သူတွေများတဲ့မြေ ။
ကိုလိုနီခေတ်က သူများတွေ လာပြီး ကျွန်ပြု
အခုတော့ သွားပြီး ကျွန်ခံ
ကျွန်သံသရာလည်နေတဲ့မြေ ။
လေယာဉ်မလုပ်တတ်ဘူး ။
လေယာဉ်မစီးတတ်ဘူး ။
ဂဏန်းတွက်စက်မထုတ်ဘူး ။
ဗိန္ဓောဆေးတွေ တီဗီထဲကြော်ငြာ
ကိုးရီးယားအနုပညာကို လိုက်တု
ဘယ်လိုမှ ကုစားလို့မရတော့တဲ့ မြေ ။
တောက်တဲ့ ဖမ်းရောင်း
မြွေပွေးဖမ်းရောင်း
သူများအသက်တွေနဲ့ စီးပွားရေးကောင်းနေတဲ့ မြေ ။
ဗေဒင်ဆရာနဲ့ နတ်ကတော်တို့
ကောင်းကောင်းကြီးပျော်နေတဲ့ မြေ ။
ဝါကြွားမောက်မော်
တကယ်ပဲ မတော်တရော်တဲ့ မြေ ။
ဒီမြေမှာ ငါ့ကိုမွေးခဲ့တယ်။
ငါမွေးတဲ့ သက္ကရာဇ်မှတ်တမ်းက
သွေးဇာတ်လမ်းထဲက ရှစ်ဆယ့်ရှစ်တဲ့ ။
Monday, October 31, 2011
အိမ်ပြန်ချိန်
အစာဝလို့ ဌာနကို ပျံလိုတာမဟုတ်ဘူး
“ဘယ်နေရာကလာရင် ဘယ်နေရာကို ပြန်ရမယ်”တဲ့
အိမ်ကပဲ လာခဲ့ပါတယ်
အိမ်ကိုပဲ အရောက်ပြန်မှာပါ။
မွေးရပ်မြေက ရာသီတွေ သာယာရဲ့လား?
လေထုတွေ ညစ်ညှမ်းဆဲလား?
သူငယ်ချင်းတွေ အရင်လို ဖြူစင်သေးလား?
ကြိုဆိုမှုတွေ နွေးထွေးပါ့မလား?
ဘာပဲဖြစ်ဖြစ်...
မပြည့်တပြည့် အသိဥာဏ်နဲ့
ဘောင်ဘင်ခတ်နေတဲ့ ဦးနှောက်တစ်ခုကိုထုပ်ပိုး
ငါ ... အိမ်ပြန်ဖို့ အချိန်တန်ခဲ့ပြီ။
နိုင်းနိုင်းစနေ မှ ကူးယူဖော်ပြပါသည်။
“ဘယ်နေရာကလာရင် ဘယ်နေရာကို ပြန်ရမယ်”တဲ့
အိမ်ကပဲ လာခဲ့ပါတယ်
အိမ်ကိုပဲ အရောက်ပြန်မှာပါ။
မွေးရပ်မြေက ရာသီတွေ သာယာရဲ့လား?
လေထုတွေ ညစ်ညှမ်းဆဲလား?
သူငယ်ချင်းတွေ အရင်လို ဖြူစင်သေးလား?
ကြိုဆိုမှုတွေ နွေးထွေးပါ့မလား?
ဘာပဲဖြစ်ဖြစ်...
မပြည့်တပြည့် အသိဥာဏ်နဲ့
ဘောင်ဘင်ခတ်နေတဲ့ ဦးနှောက်တစ်ခုကိုထုပ်ပိုး
ငါ ... အိမ်ပြန်ဖို့ အချိန်တန်ခဲ့ပြီ။
နိုင်းနိုင်းစနေ မှ ကူးယူဖော်ပြပါသည်။
Subscribe to:
Posts (Atom)



